Tuesday, June 28, 2011

၃၁ဘုံကြားက အလံဖြူ


ဘ၀မှာ
တစ်ခုခုကို လုံးဝပစ်ယုံလိုက်ဖို့
ကျွန်တော့်စိတ်တွေ မိုးမတိတ်သေးဘူး
မကြာသေးခင်က
လူတတ်ကြီးတစ်ယောက်ရဲ့အမြင်နဲ့
ပါဋ္ဌိပညာရှင်ကြီးတစ်ယောက်
ပုရောဟိတ်ပုံစံဖမ်းလို့
ကျွန်တော့်အပေါ်
ဝါဒတွေ ခြွေချခဲ့ဖူးတယ်

စိတ်ကူးယဉ် ယုံကြည်မှုပေါ်မှာ
သူ့ကိုယ်သူ အဖြေမရသေးတဲ့ ပုစ္ဆာတစ်ပုဒ်
ဘာသောက်ရမှန်းမသိတဲ့ လောကပါလ ထမင်းစားပွဲမှာ
ဘယ်လောက်တန်လဲဆိုတဲ့ ပြုံးလိုက်မဲ့လိုက် လောကဓံမှာ
သိသည်ဖြစ်စေ မသိသည်ဖြစ်စေ
သုံးဆယ့်တစ်ဘုံကိုအမျှဝေရင်
ကျွန်တော်တို့ ကျေးဇူးတင်ခွင့်ရှိတယ်မဟုတ်လား

ဆေးလိပ်ဖွာရင်း
စကားပြောရင်း
လဘက်ရည်သောက်ရင်း
ရရှိထားတဲ့ အရသာက
ချဉ်တူးတူးဖြစ်လာတယ်

မိတ္တဗလဋီကာကို လှမ်းကြည့်လိုက်တော့
လူကြီးလူကောင်းလိုလို ဆိုးမိုက်တေလေလိုလို
သူငယ်ချင်းရေ..
ဘိုတင့်ရေ ...
ကံကြမ္မာမိုး ဘယ်လောက်သည်းသည်း
ဒို့တွေ လမ်းလျှောက်ရဲတယ်မဟုတ်လား

ဒီလိုနဲ့
ငါ့ရဲ့ အတွင်းစိတ်သဏ္ဍန်ကို ဖြန့်ကျက်
ကြားနေရတဲ့ ၀ီစီသံကို
အနီရောင်ပြပြီး ဒိုင်ပွဲရပ်လိုက်တယ်
စစ်ပွဲရဲ့ အလယ်ခေါင်တည့်တည့်မှာ
အလံဖြူလေး ဝေ့လိုက် ယိမ်းလိုက် ။ ။

သီဟညိမ်း

No comments:

Post a Comment