Tuesday, June 28, 2011

လက်ထဲမှာဝှက်ထားတဲ့ လက်ခုပ်သံ


ခေါက်ရိုးကျိုးနေတဲ့မနက်ဖြန်တိုင်းကို
လဘက်ရည်ခွက်ထဲထည့်ထည့်နှစ်
အဆင်မပြေမှုတိုင်းကို မီးခိုးငွေ့အဖြစ် မှုတ်ထုတ်
ကိုယ့်မျက်နှာကိုယ် မပီတပြင်အပြုံးတွေနဲ့ ရေထိုး
တစ်ခါတစ်ရံတော့
ကိုယ့်ကိုယ်ကိုယ် ပြန်သနားနေရတယ် ။

မတော်တဆ မိတ်ဖြစ်ဆွေဖြစ်ကနေ
မတော်မတရား မိတ်ဆွေဖြစ်မသွားဖို့
မိတ္တဗလဋီကာလို ကြေညက်ဖို့လိုရဲ့ ။

လောကဓံရှစ်ပါးက
အသက်ကို ထိုးခုတ်
ဘ၀ကို လောင်းကစားလုပ်ရင်
အနိုင်အရှုံးကို သေမင်းဆီမှာ
လက်ဖြန့်တောင်း ရနိုင်မလား ။

ငွေကျပ် ရာကျော်လောက်က
မနက်ဖြန် ဆာလောင်မှုအတွက်
အာသာဖြေနိုင်ခဲ့ပါတယ် ။

ဘ၀ဆိုတဲ့ရောင်စုံဗုံးကလေးထဲ
အဆင်အဆန်းမျိုးစုံနဲ့
တစ်ဆယ့်တစ်ပါးသောမီးများကလို့ခုန်လို့ကောင်းဆဲ
ကျက်နေတဲ့အမာကို ပြန်လည်စမ်းသပ်နေရတာနဲ့
သမုဒယကို မပစ်ပျယ်နိုင်သေးဘူး

မိသည်းညှာရေ
ဒို့များရဲ့နှလုံးသားက လမ်းရှာနေသူတွေမို့
ခြေဖ၀ါးတွေက ကြမ်းရှလွန်းလှတယ်

မင်းသိဖို့ ပြောပြချင်စမ်းရဲ့
ကိုယ်တို့နေတဲ့ကမ္ဘာကြီးကလေ
တကယ်တော့
မျောက်ပြဆန်တောင်း ပုံစံကြီးပါကွယ် ။ ။

သီဟညိမ်း

No comments:

Post a Comment