Tuesday, June 28, 2011

လမ်းဝေး


ငါက မှောင်မိုက်တဲ့ အလင်းနဲ့
လမ်းပေါ်မှာ တိတ်ဆိတ်နေတယ်
မင်းက ကျမ်းထူထူကြီးတွေဖတ်ပြီး
ယုတ္တိဗေဒကို လေ့လာနေတယ်
ငါ့အလုပ်က
ရင်ချင်းဆက်ဘာသာဗေဒ
မင်းအလုပ်က
လောကကိုဘောင်တွေခတ်ဖို့
ငါက စာကြီးပေကြီးဆို မဖတ်ချင်တဲ့
ခပ်ညံ့ညံ့ဦးခေါင်းတစ်လုံးနဲ့လူ
ငါ့မှာ အဓိပ္ပါယ်တွေ မရှိဘူး
ပညာတတ်ယဉ်ကျေးမှုလည်းမရှိဘူး
မျက်စိကျိန်းလောက်တဲ့
ဝင်းဝင်းလက်လက်လည်း မရှိဘူး
မင်းအချစ်ကို မျှော်လင့်မိတာကလွဲရင်
ငါဟာ အချိန်ရှိတိုင်း တိုက်စားခံနေရတဲ့
လုံးဝန်းတဲ့ သုညတစ်လုံး
အဆုံးမှာ နင့်မျက်ဝန်း
ကြွေလုဆဲ နှင်းဆီဖူး
ရူးရူးမူးမူးဖြစ်နေတာ
သုညကမ္ဘာတောင် ခြားတယ် ။ ။

သီဟညိမ်း


ရေမရောထားတဲ့အရက်ခွက်ထဲ ငါ့ကိုယ်ငါပြန်တွေ့ခြင်း


တစ်ခြမ်းတစ်ဖဲ့တစ်ဝက်
ရေမရောထားတဲ့ညနေခင်းတွေဆီမှာ
ပင်လယ်က ဒီဇင်ဘာဆန်ဆန်လွမ်းပြတယ်
လမ်းဆုံးရင်ရွာတွေ့ဆိုတဲ့စကားအတိုင်း
လမ်းပျောက်အောင်သွားခဲ့
တောင်တန်းတွေဖောင်းပိန်ရှူနေကြ
တိုက်တာအိုးအိမ်တွေက အချယ်အသတွေနဲ့
လမ်းတွေက ဖိနပ်တွေကို မထမ်းချင်တော့မှ
အမှောင်ကို အမှောင်က သိမ်းပိုက်
ညမွှေးပန်းမှာ အဆိပ်မပါဘူး
မပြိုင်မဆိုင်ပါဘဲ အပြိုင်အဆိုင်တွေပေါတယ်
ဝတ်ကြီးဝတ်ငယ်လောကဓံက
မယားငယ်လို နေထိုင်ပေါင်းသင်း
ဆက်ဆံခြင်းသဘောတရားများ
ခုတ်ထစ်ပြတ်တောက်ပြန်ဆက်
သေချာပြီဆိုရင် ရေမရောတဲ့အရက်တစ်ခွက်
ကမ္ဘာကြီးကို မြိုနေပြီဆိုတဲ့အကြောင်း
ကလိမ်ကကျစ်ကြားမှာပဲ
လိမ်ကာညာကာနဲ့
ကိုယ့်ကိုယ်ကို ပြန်ဖာထေးရ
ဘ၀ မာယာမျက်နှာဖုံးက
ဈေးနှုန်းတွေချိုချို
အဖိုးတန်ဆုံးပန်းတစ်ပွင့်
ရင်ထဲကို ကူးလူးပျံသန်း
မနက်ဖြန်တိုင်းမှာ
အပြုံးတွေလတ်ဆတ်ကြပါစိုရဲ့။ ။

သီဟညိမ်း

သူမ / ကျွန်တော်


သူမ

နှင်းဆီဖူးရောင်သုတ်လိမ်းထားတဲ့ ကျည်ဆံတစ်တောင့်နဲ့
ကင်ဒိုဓါးကိုင်ပြီးခုတ်မယ့်ဟန်ပြင်နေတဲ့ ဆာမူရိုင်းမလေးအသွင်
ကပိုကရိုကောက်ကွေးထားတဲ့ ဆံနွယ်လှိုင်း
ရင်ထဲကို လဲ့ပြာသက်ဆင်း
ငါ့ မြက်ခင်းကို နင်းသွားတဲ့သူ

ကျွန်တော်

ကြက်ခြေခတ်တွေပြည့်နေတဲ့ရင်အုံကြီးပါ
မထူမပါး လွမ်းတတ်တာကလွဲရင်
အနုပညာနဲ့စိတ်ကြိုက်ဖန်တီးခွင့်ရှိတယ်
ဘယ်လိုရာသီဥတုမျိုးကိုမဆို
စိတ်က ကတိမ်းကပါး တိမ်းမှောက်ချင်သူ

သီဟညိမ်း

ရယ်သံ


သက်ပြင်းချသံကြားမှာပဲ
ကိုယ့်ကိုယ်ကို တံခါးပိတ်
တိတ်တဆိတ် အိပ်ခဲ့တယ်။

အိပ်မက်ကို ကတ္တီပါလိမ်း
ဆက်လျှောက်ရမယ့်ငါတို့လမ်းမှာ
လမသာတော့ဘူးတဲ့။

မေ့ပစ်လိုက်ဆိုတာနဲ့
အရာအားလုံးမေ့ပျောက်သွားမယ်ဆိုရင်
အားလုံး ငါ မေ့ထားချင်ပါတယ်။

တစ်ကြိမ်တစ်ခါပွင့်တဲ့တံခါး
ကံကြမ္မာဓါးတွေက ရက်ရက်စက်စက်
အိပ်မက်တောင်မှ သွေးချင်းနီတယ်။

ဘယ်လိုပြဇတ်မျိုးကမှ
ကံကြမ္မာကို ဒဏ်ခတ်လို့ရနိုင်မှာလဲ
ငါ့စိတ်ကူးလေး ကြိုးတုပ်ခံလိုက်ရတယ်။

ညီမလေးရယ်
ငါ့ဂြိုလ်စီးဂြိုလ်နင်းကိုက
ညံ့လွန်းပါတယ်
တကယ်ဆို
နက္ခတ်တွေမရွေ့ ပြောင်းမီ
နက်နက်ရှိုင်းရှိုင်း
ရေးခြစ်ကြပါစိုရဲ့။ ။

သီဟညိမ်း

၃၁ဘုံကြားက အလံဖြူ


ဘ၀မှာ
တစ်ခုခုကို လုံးဝပစ်ယုံလိုက်ဖို့
ကျွန်တော့်စိတ်တွေ မိုးမတိတ်သေးဘူး
မကြာသေးခင်က
လူတတ်ကြီးတစ်ယောက်ရဲ့အမြင်နဲ့
ပါဋ္ဌိပညာရှင်ကြီးတစ်ယောက်
ပုရောဟိတ်ပုံစံဖမ်းလို့
ကျွန်တော့်အပေါ်
ဝါဒတွေ ခြွေချခဲ့ဖူးတယ်

စိတ်ကူးယဉ် ယုံကြည်မှုပေါ်မှာ
သူ့ကိုယ်သူ အဖြေမရသေးတဲ့ ပုစ္ဆာတစ်ပုဒ်
ဘာသောက်ရမှန်းမသိတဲ့ လောကပါလ ထမင်းစားပွဲမှာ
ဘယ်လောက်တန်လဲဆိုတဲ့ ပြုံးလိုက်မဲ့လိုက် လောကဓံမှာ
သိသည်ဖြစ်စေ မသိသည်ဖြစ်စေ
သုံးဆယ့်တစ်ဘုံကိုအမျှဝေရင်
ကျွန်တော်တို့ ကျေးဇူးတင်ခွင့်ရှိတယ်မဟုတ်လား

ဆေးလိပ်ဖွာရင်း
စကားပြောရင်း
လဘက်ရည်သောက်ရင်း
ရရှိထားတဲ့ အရသာက
ချဉ်တူးတူးဖြစ်လာတယ်

မိတ္တဗလဋီကာကို လှမ်းကြည့်လိုက်တော့
လူကြီးလူကောင်းလိုလို ဆိုးမိုက်တေလေလိုလို
သူငယ်ချင်းရေ..
ဘိုတင့်ရေ ...
ကံကြမ္မာမိုး ဘယ်လောက်သည်းသည်း
ဒို့တွေ လမ်းလျှောက်ရဲတယ်မဟုတ်လား

ဒီလိုနဲ့
ငါ့ရဲ့ အတွင်းစိတ်သဏ္ဍန်ကို ဖြန့်ကျက်
ကြားနေရတဲ့ ၀ီစီသံကို
အနီရောင်ပြပြီး ဒိုင်ပွဲရပ်လိုက်တယ်
စစ်ပွဲရဲ့ အလယ်ခေါင်တည့်တည့်မှာ
အလံဖြူလေး ဝေ့လိုက် ယိမ်းလိုက် ။ ။

သီဟညိမ်း

အထ္ထုပ္ပတ္တိ


ကိုယ့်ကိုယ်ကိုယ် ငြိမ်းသတ်နေရတာနဲ့
တစ်နေ့မှ
ခြေခင်းလက်ခင်းမသာလှဘူး
ကံကြမ္မာကို
လေးပေါ်တင်ပြီး ပစ်လွှတ်လိုက်တယ်
ဘယ်နေမှာ အမြီးအမှောက်တည့်မလဲ
ကိုယ့်အသိနဲ့ကိုယ်
ကိုယ့်ကိုယ်ကိုယ် ပြန်ဆွဲထိ
ငြိပြီဆိုမှ
ခြေခင်းလက်ခင်းသာလိုက်မယ်
ဒီမှာ
တန်ရာတန်ကြေးထက်တော့
ရေမရောထားတဲ့ အရက်က ပိုပြင်းတယ် ။ ။

သီဟညိမ်း

လက်ထဲမှာဝှက်ထားတဲ့ လက်ခုပ်သံ


ခေါက်ရိုးကျိုးနေတဲ့မနက်ဖြန်တိုင်းကို
လဘက်ရည်ခွက်ထဲထည့်ထည့်နှစ်
အဆင်မပြေမှုတိုင်းကို မီးခိုးငွေ့အဖြစ် မှုတ်ထုတ်
ကိုယ့်မျက်နှာကိုယ် မပီတပြင်အပြုံးတွေနဲ့ ရေထိုး
တစ်ခါတစ်ရံတော့
ကိုယ့်ကိုယ်ကိုယ် ပြန်သနားနေရတယ် ။

မတော်တဆ မိတ်ဖြစ်ဆွေဖြစ်ကနေ
မတော်မတရား မိတ်ဆွေဖြစ်မသွားဖို့
မိတ္တဗလဋီကာလို ကြေညက်ဖို့လိုရဲ့ ။

လောကဓံရှစ်ပါးက
အသက်ကို ထိုးခုတ်
ဘ၀ကို လောင်းကစားလုပ်ရင်
အနိုင်အရှုံးကို သေမင်းဆီမှာ
လက်ဖြန့်တောင်း ရနိုင်မလား ။

ငွေကျပ် ရာကျော်လောက်က
မနက်ဖြန် ဆာလောင်မှုအတွက်
အာသာဖြေနိုင်ခဲ့ပါတယ် ။

ဘ၀ဆိုတဲ့ရောင်စုံဗုံးကလေးထဲ
အဆင်အဆန်းမျိုးစုံနဲ့
တစ်ဆယ့်တစ်ပါးသောမီးများကလို့ခုန်လို့ကောင်းဆဲ
ကျက်နေတဲ့အမာကို ပြန်လည်စမ်းသပ်နေရတာနဲ့
သမုဒယကို မပစ်ပျယ်နိုင်သေးဘူး

မိသည်းညှာရေ
ဒို့များရဲ့နှလုံးသားက လမ်းရှာနေသူတွေမို့
ခြေဖ၀ါးတွေက ကြမ်းရှလွန်းလှတယ်

မင်းသိဖို့ ပြောပြချင်စမ်းရဲ့
ကိုယ်တို့နေတဲ့ကမ္ဘာကြီးကလေ
တကယ်တော့
မျောက်ပြဆန်တောင်း ပုံစံကြီးပါကွယ် ။ ။

သီဟညိမ်း