Sunday, June 17, 2012

ဝ လုံး


ငယ်ငယ်က ရေးခဲ့တဲ့ ၀လုံးလေးတွေ
ခုတော့ သုညဆိုလား ဇီးရိုးဆိုလား အိုဆိုလားပဲ
ခုချိန်ထိ ငါ သိနေတာက
ငါ လက်ရေးလှရေးကျင့်နေတာပါ ။ ။

မိုး


တစ်သက်လုံး
မြေပြင်ကိုစိုက်ကြည့်ပြီး
ကိုယ့်ကိုယ်ကိုယ် တည့်မတ်ခဲ့တယ်
ငါ ဘယ်နှစ်ကြိမ် ထစ်ချုန်းခဲ့ပြီးပြီလဲ။ ။

သေသူရှင်သူ


ငါက သေသွားတဲ့သူကိုကြည့်ပြီး
ငို နေဖြစ်ခဲ့တာ
တကယ်က ...
သေသွားတဲ့သူက ငါ့ကို ကြည့်ပြီး
ရယ်နေတာ
ငါ မသိလိုက်ဘူး ။ ။

Monday, June 4, 2012

ကျွန်တော့်ရဲ့ သံစဉ်လေး

ပြေးသွားတဲ့မိုးတိမ်နောက်
ငါ မီးတိုင်မြှောက်ပြီး လိုက်ခဲ့ဖူးတယ်
ဗျိုင်းတစ်အုပ်က ခလုတ်တိုက်လို့
တိမ်တွေပေါ်ချော်လဲ
လေညှင်းက ဟားတိုက်ရယ်ပါလေရော ။

အဲဒီနေ့က
ကြယ်လေးတွေမလာခင်
ငါ ...
ရှက်ရှက်နဲ့ အိမ်ပြန်ခဲ့ရတယ် ။ ။

သက်ထွန်းညိမ်း

ကိုယ်ချင်းစာကြည့်ခြင်း

လမ်းမကြီးတစ်ခုပေါ်
အိပ်မက်တစ်ခုပစ်မချခင်
အံကြိတ်ပြေးလာတဲ့ရထားတစ်စင်းအသံ
ငါ့ရင်ဘတ်ကို လာမှန်တယ်
ဘယ်သူပြောလဲ
ရထားတစ်စင်းရဲ့ ဥသြဆွဲသံမှာ
နာကျင်ခြင်းမပါဘူးလို့
ကမ္ဘာကြီးရဲ့အနားယူခြင်းထဲမှာ
ဘူတာတစ်ခုအတွက်
အိပ်စက်ခြင်းတွေ ထည့်ပေးရင်ကောင်းမယ်
အခိုးအငွေ့ထွက်အောင်
တဟောဟောပြေးလိုက်ရလို့
ဇက်ကြိုးတို့ဆွဲလိုက်ချိန်မှာ
မီးပွင့်မီးခိုးထွက်လာတာ ဟာ
အံဖတ်နည်းနည်း ထွေးမိခဲ့တာပါ
စဉ်းစားကြည့်မိတယ်
လောကထဲကိုဝင်လာတဲ့အရာမှန်သမျှ
ကျောပေါ်ကိုပြဿနာတွေတင်ပေးသလား
ဒါမှမဟုတ် ခန္ဓာအိမ်ထဲကို ထည့်ပေးသလား
သူ့မှာတော့ ကျောပေါ်ကော ခန္ဓာကိုယ်ထဲကော ပြည့်လို့
ရပ်စောင့်နေသော နာရီလက်တံများ
အပြိုင်းပြိုင်းထခုန်နေသော သံလမ်းများ
တစ်ဂျုံးဂျုံးနှင့်ပြေးလာသော ခြေထောက်များ
ဘယ်အချိန်ထိ သံသရာဆက်ရှည်နေကြဦးမလဲ
ဒါဟာ ရိုးစင်းတဲ့ လူ့ယဉ်ကျေးမှုပဲဖြစ်မှာပါ
ဟော့ဒီအလံရွက်လေး ဝှေ့ယမ်းတဲ့အခါ
ကမ္ဘာကြီးပေါ်မှာ မမောမပန်းနိုင် ပတ်ပြေးနေရတဲ့ ရထား
အဖြူရောင် ကိုယ်ချင်းစာတရားများနဲ့
ဆက်လက်ထွက်ခွာသွားတော့တယ် ...။

သက်ထွန်းညိမ်း

တိမ်တိုက်လေးအဝေးပြေးသွားတဲ့နေ့

တစ်စုံတစ်ခု ကွဲအက်တယ်ဆိုတာ
တစ်ခုခုက လာတိုက်လို့
ဒါမှမဟုတ်
တစ်ခုခုကို သွားတိုက်မိလို့
ရိုးရိုးလေး နိုင်သွားတယ်ဆိုရင်လည်း
ရိုးရိုးလေး ရှုံးနိမ့်သွားတာပါပဲ
အငိုအပြုံးခဏလေးပြောင်းလိုက်တာနဲ့
ဘ၀ကပြောင်းပြန်အချိုးကျသွားမယ်ဆိုရင်
မတူညီတဲ့နေရာမှာ ရင်ဘတ်တွေနာနိုင်တယ်
ပင်လယ်ရဲ့ငိုသံတွေကို အဖော်ပြု
မာယာရဲ့လှောင်ပြောင်သံတွေကို မသိခဲ့တော့
ရှုပ်ရှက်ခတ်တဲ့ လမ်းမကြီးပေါ်မှာ
ငါ လဲကျခဲ့တာ
အရာအားလုံးဟာ ကံကြမ္မာအတိုင်းပဲလား
ဘုရားသခင်ရဲ့အလိုတော်အတိုင်းပဲလား
ဆည်းလည်းရှိုက်သံမဟုတ်တောင်မှ
ရင်ခွင်ရှိုက်သံတော့ ပြန်ကြားယောင်ရမယ်
နောက်ဆုံးတော့လည်း
ကိုယ့်လျှာကိုယ် ဖမ်းဆုပ်ထားတာပဲ
ကောင်းပါတယ် ။ ။

သက်ထွန်းညိမ်း

ဘ၀ဆိုတာဘာလဲ ဘာလဲဘ၀ဆိုတာ

ဒီမှာဟေ့ ဒီမှာ
မနက်ဖြန်ဆိုတာကြီးက ခပ်တည်တည်ရပ်ပြီး လက်ယပ်ခေါ်နေတာ
အိမ်ဘေးက စံပယ်ရုံက အပြုံးမျက်လုံးတွေနဲ့ စိုက်ကြည့်လို့
လရောင်အောက်မှာ ခွေခေါက်မလဲကျအောင် ကိုယ့်ကိုယ်ကို သတိထား
အနာဂတ်ဆိုတာ ဆလံပြလို့မရတဲ့ အရာကြီးပဲ
မထူးပါဘူး ဒီလိုနဲ့
အသက်ကို တစ်ရက်တိုး ရှေ့ တစ်လှမ်းပျိုးလိုက်တယ်
သေချာပြီ ဒါဟာ ကမ္ဘာတစ်ပတ်လည်သွားတာပဲဖြစ်ရမယ်
လမ်းတွေက ကျုပ်တို့ကို ခေါင်းရှောင်နေကြတယ်
ကျုပ်တို့က လမ်းတွေကို သူခိုးမျက်လုံးနဲ့ ကြည့်နေရတယ်
ကြယ်တွေက ပျိုးပျိုးပြက်ပြက် ဓါးရိုးတွေကမ်းလို့
ဒီမယ်
ခွေးအမြီးနင်းမိတာက အစ ပြဿဒ်မီးလောင်တဲ့အထိ
ခင်ဗျားဘ၀မှာ ဘယ်နှစ်ကြိမ်ကြုံတွေ့ဖူးပြီလဲ
ကံကြမ္မာရဲ့လက်ပြန်ရိုက်ချက်မှာ ဘယ်နှစ်ခါဖင်ထိုင်ကျပြီးပြီလဲ
ဒီစကားမပြောရလို့ ဒီအသိုင်းအ၀ိုင်းမှာ မနေချင်တဲ့အကြောင်း
အမေက နားကပ်လေးပေါင်ခိုင်းလို့ အပေါင်ဆိုင်မသွားချင်တဲ့အကြောင်း
ဒီအကြောင်းပြောလိုက်မှ ဒီဟာကောင်းမွန်မယ်ဆိုတဲ့အကြောင်း
ဒီအကြောင်းမပြောရလို့ ဒီအသိုင်းအ၀ိုင်းမှာ မနေချင်တဲ့အကြောင်း
အကြောင်း .......
အကြောင်း........
အကြောင်း.........
အကြောင်းတစ်ကာ့အကြောင်းထဲမှာ ကိုယ့်ကိုယ်ကိုယ် မသိတဲ့အကြောင်း
ဂရုစိုက်ဗျ ဂရုစိုက် တဲ့
အမူးသမားက သိုင်းကွက်နင်းပြီး အဘိဓမ္မာစကားပြောတယ်
အရက်သောက်ခြင်းသည် ကျန်းမာရေးကို ထိခိုက်သည်ဆိုတာ
လူတွေပါးစပ်မှာ ချိတ်ဆွဲထားတဲ့ ဟာသကြေငြာတစ်ပုဒ်ဆိုပဲ
လူတွေပြေးပြေးလွှားလွှား ချွေးသံတရွှဲ ရွှဲနဲ့ ကမ္ဘာလုံးကို ကန်နေကြ
တိုးဝှေ့နေကြတာ အတက်အဆင်း အခေါက်ပေါင်းမနည်း
လက်ယပ်ခေါ်လိုက် လက်ကာပြလိုက်နဲ့
သြော် ဘ၀ဆိုတာ ဒီလိုကြီးလား
ခေါင်းတစ်ဆတ်ဆတ်ညိမ့် လူကြီးလူကောင်းလို
ချောင်းတစ်ချက်ဟန့် ဘ၀ဆိုတာ ဒါပဲကွ တဲ့
ကျွန်တော် အဲဒီနေရာက ပြေးထွက်လာခဲ့တယ် ။ ။

သက်ထွန်းညိမ်း