Monday, June 4, 2012

ဘ၀ဆိုတာဘာလဲ ဘာလဲဘ၀ဆိုတာ

ဒီမှာဟေ့ ဒီမှာ
မနက်ဖြန်ဆိုတာကြီးက ခပ်တည်တည်ရပ်ပြီး လက်ယပ်ခေါ်နေတာ
အိမ်ဘေးက စံပယ်ရုံက အပြုံးမျက်လုံးတွေနဲ့ စိုက်ကြည့်လို့
လရောင်အောက်မှာ ခွေခေါက်မလဲကျအောင် ကိုယ့်ကိုယ်ကို သတိထား
အနာဂတ်ဆိုတာ ဆလံပြလို့မရတဲ့ အရာကြီးပဲ
မထူးပါဘူး ဒီလိုနဲ့
အသက်ကို တစ်ရက်တိုး ရှေ့ တစ်လှမ်းပျိုးလိုက်တယ်
သေချာပြီ ဒါဟာ ကမ္ဘာတစ်ပတ်လည်သွားတာပဲဖြစ်ရမယ်
လမ်းတွေက ကျုပ်တို့ကို ခေါင်းရှောင်နေကြတယ်
ကျုပ်တို့က လမ်းတွေကို သူခိုးမျက်လုံးနဲ့ ကြည့်နေရတယ်
ကြယ်တွေက ပျိုးပျိုးပြက်ပြက် ဓါးရိုးတွေကမ်းလို့
ဒီမယ်
ခွေးအမြီးနင်းမိတာက အစ ပြဿဒ်မီးလောင်တဲ့အထိ
ခင်ဗျားဘ၀မှာ ဘယ်နှစ်ကြိမ်ကြုံတွေ့ဖူးပြီလဲ
ကံကြမ္မာရဲ့လက်ပြန်ရိုက်ချက်မှာ ဘယ်နှစ်ခါဖင်ထိုင်ကျပြီးပြီလဲ
ဒီစကားမပြောရလို့ ဒီအသိုင်းအ၀ိုင်းမှာ မနေချင်တဲ့အကြောင်း
အမေက နားကပ်လေးပေါင်ခိုင်းလို့ အပေါင်ဆိုင်မသွားချင်တဲ့အကြောင်း
ဒီအကြောင်းပြောလိုက်မှ ဒီဟာကောင်းမွန်မယ်ဆိုတဲ့အကြောင်း
ဒီအကြောင်းမပြောရလို့ ဒီအသိုင်းအ၀ိုင်းမှာ မနေချင်တဲ့အကြောင်း
အကြောင်း .......
အကြောင်း........
အကြောင်း.........
အကြောင်းတစ်ကာ့အကြောင်းထဲမှာ ကိုယ့်ကိုယ်ကိုယ် မသိတဲ့အကြောင်း
ဂရုစိုက်ဗျ ဂရုစိုက် တဲ့
အမူးသမားက သိုင်းကွက်နင်းပြီး အဘိဓမ္မာစကားပြောတယ်
အရက်သောက်ခြင်းသည် ကျန်းမာရေးကို ထိခိုက်သည်ဆိုတာ
လူတွေပါးစပ်မှာ ချိတ်ဆွဲထားတဲ့ ဟာသကြေငြာတစ်ပုဒ်ဆိုပဲ
လူတွေပြေးပြေးလွှားလွှား ချွေးသံတရွှဲ ရွှဲနဲ့ ကမ္ဘာလုံးကို ကန်နေကြ
တိုးဝှေ့နေကြတာ အတက်အဆင်း အခေါက်ပေါင်းမနည်း
လက်ယပ်ခေါ်လိုက် လက်ကာပြလိုက်နဲ့
သြော် ဘ၀ဆိုတာ ဒီလိုကြီးလား
ခေါင်းတစ်ဆတ်ဆတ်ညိမ့် လူကြီးလူကောင်းလို
ချောင်းတစ်ချက်ဟန့် ဘ၀ဆိုတာ ဒါပဲကွ တဲ့
ကျွန်တော် အဲဒီနေရာက ပြေးထွက်လာခဲ့တယ် ။ ။

သက်ထွန်းညိမ်း

No comments:

Post a Comment