Monday, June 4, 2012

ကိုယ်ချင်းစာကြည့်ခြင်း

လမ်းမကြီးတစ်ခုပေါ်
အိပ်မက်တစ်ခုပစ်မချခင်
အံကြိတ်ပြေးလာတဲ့ရထားတစ်စင်းအသံ
ငါ့ရင်ဘတ်ကို လာမှန်တယ်
ဘယ်သူပြောလဲ
ရထားတစ်စင်းရဲ့ ဥသြဆွဲသံမှာ
နာကျင်ခြင်းမပါဘူးလို့
ကမ္ဘာကြီးရဲ့အနားယူခြင်းထဲမှာ
ဘူတာတစ်ခုအတွက်
အိပ်စက်ခြင်းတွေ ထည့်ပေးရင်ကောင်းမယ်
အခိုးအငွေ့ထွက်အောင်
တဟောဟောပြေးလိုက်ရလို့
ဇက်ကြိုးတို့ဆွဲလိုက်ချိန်မှာ
မီးပွင့်မီးခိုးထွက်လာတာ ဟာ
အံဖတ်နည်းနည်း ထွေးမိခဲ့တာပါ
စဉ်းစားကြည့်မိတယ်
လောကထဲကိုဝင်လာတဲ့အရာမှန်သမျှ
ကျောပေါ်ကိုပြဿနာတွေတင်ပေးသလား
ဒါမှမဟုတ် ခန္ဓာအိမ်ထဲကို ထည့်ပေးသလား
သူ့မှာတော့ ကျောပေါ်ကော ခန္ဓာကိုယ်ထဲကော ပြည့်လို့
ရပ်စောင့်နေသော နာရီလက်တံများ
အပြိုင်းပြိုင်းထခုန်နေသော သံလမ်းများ
တစ်ဂျုံးဂျုံးနှင့်ပြေးလာသော ခြေထောက်များ
ဘယ်အချိန်ထိ သံသရာဆက်ရှည်နေကြဦးမလဲ
ဒါဟာ ရိုးစင်းတဲ့ လူ့ယဉ်ကျေးမှုပဲဖြစ်မှာပါ
ဟော့ဒီအလံရွက်လေး ဝှေ့ယမ်းတဲ့အခါ
ကမ္ဘာကြီးပေါ်မှာ မမောမပန်းနိုင် ပတ်ပြေးနေရတဲ့ ရထား
အဖြူရောင် ကိုယ်ချင်းစာတရားများနဲ့
ဆက်လက်ထွက်ခွာသွားတော့တယ် ...။

သက်ထွန်းညိမ်း

No comments:

Post a Comment